ဖင်လန်နိုင်ငံထုတ် သတင်းစာများနှင့် မီဒီယာများတွင် ဖော်ပြထားသည့် စိတ်ဝင်စားဖွယ် သတင်းကဏ္ဍများကို စုစည်းတင်ပြပေးလိုက်ပါသည်။
၁။ ဖင်လန်နိုင်ငံသားတစ်ဦးကို ISIS အဖွဲ့ခေါင်းဆောင်အဖြစ် ဘယ်လ်ဂျီယံအာဏာပိုင်များ စွပ်စွဲ
ဖင်လန်နိုင်ငံတွင် နေထိုင်နေသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အစ္စလာမ္မစ်နိုင်ငံတော် (ISIS) အကြမ်းဖက်အဖွဲ့တွင် ပါဝင်ပတ်သက်နေပြီး၊ ဖင်လန်ရှိ အဖွဲ့ဝင်အများအပြားကို ဦးဆောင်နေသူဖြစ်သည်ဟု ဘယ်လ်ဂျီယံအာဏာပိုင်များက စွပ်စွဲလိုက်ကြောင်း Helsingin Sanomat သတင်းစာတွင် ဖော်ပြထားသည်။
တရားစွဲဆိုမှု: လက်ရှိတွင် ၎င်းကို ဘယ်လ်ဂျီယံနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းထားပြီး၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတို့ဖြင့် အစိုးရရှေ့နေများက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ရန် တောင်းဆိုထားသည်။ လာမည့်အပတ်တွင် စီရင်ချက်ချမည်ဟု မျှော်လင့်ရသည်။
နောက်ခံသမိုင်း: ရုရှားနိုင်ငံ၊ မြောက်ကော့ကေးဆပ် (North Caucasus) မွတ်စလင်ဒေသမှ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ရုရှားအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယူကရိန်းသို့ ထွက်ပြေးခဲ့သည်။ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ဖင်လန်နိုင်ငံသို့ ရောက်ရှိလာကာ ၂၀၂၃ ခုနှစ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ချေပချက်: အဆိုပါအမျိုးသားက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး၊ ယခုစွပ်စွဲချက်များသည် ရုရှားနိုင်ငံက မမှန်မကန်ထုတ်ပြန်ထားသည့် နိုင်ငံတကာဖမ်းဝရမ်းအပေါ် အခြေခံထားခြင်းသာဖြစ်သည်ဟု ၎င်း၏ရှေ့နေက ပြောကြားခဲ့သည်။
၂။ ဖင်လန် ကုန်စုံစေးကွက်အတွင်း အပြိုင်အဆိုင် နည်းပါးမှုအပေါ် မေးခွန်းထုတ်
ဖင်လန်နိုင်ငံ၏ ကုန်စုံစူပါမားကတ်စျေးကွက်သည် ဥရောပတွင် လက်ဝါးကြီးအုပ်မှုအဆိုးဆုံး စျေးကွက်တစ်ခုဖြစ်ပြီး လူအများထင်သလောက် စျေးကွက်ပြိုင်ဆိုင်မှု မပြင်းထန်ကြောင်း Iltalehti သတင်းစာက ထောက်ပြထားသည်။
လက်ဝါးကြီးအုပ်မှု: ဖင်လန်၏ အကြီးဆုံးကုန်စုံဆိုင်လုပ်ငန်းကြီး နှစ်ခုဖြစ်သည့် S Group နှင့် Kesko တို့က နိုင်ငံတွင်းစျေးကွက်၏ ၈၂.၅ ရာခိုင်နှုန်း အထိ ချုပ်ကိုင်ထားသည်။ ဂျာမနီအခြေစိုက် တန်ဖိုးနည်းစူပါမားကတ်ဖြစ်သည့် Lidl မှာမူ ၉.၅ ရာခိုင်နှုန်း သာ စျေးကွက်ဝေစုရရှိထားသည်။
စျေးနှုန်းစစ်ပွဲ မရှိခြင်း: ဂျာမနီနိုင်ငံတွင် ဆိုင်ကြီးများအကြား စျေးနှုန်းလျှော့ချရေး အပြင်းအထန် ပြိုင်ဆိုင်နေကြသော်လည်း ဖင်လန်တွင်မူ လုပ်ငန်းကြီးနှစ်ခုနှင့် Lidl သာရှိသဖြင့် လက်ကားဝယ်ယူတင်သွင်းမှုတွင်ပါ လက်ဝါးကြီးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် စျေးနှုန်းများ သိသိသာသာ ကျဆင်းမလာခြင်းဖြစ်သည်။
ဖြေရှင်းချက်: စျေးကွက်အတွင်း ဂျာမနီမှ အခြားတန်ဖိုးနည်းစူပါမားကတ်တံဆိပ်တစ်ခုဖြစ်သည့် Aldi ကဲ့သို့ "စတုတ္ထမြောက်လုပ်ငန်းရှင်" အသစ်တစ်ဦး ဝင်ရောက်လာမှသာ ပြိုင်ဆိုင်မှု ရှိလာနိုင်မည်ဖြစ်သော်လည်း၊ Aldi ဘက်က ဖင်လန်တွင် ဆိုင်ဖွင့်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆိုထားသည်။
၃။ နွေရာသီ အားလပ်ရက်မှာ Staycation (အိမ်မှာပဲ အပန်းဖြေခြင်း) လုပ်မည့်သူများအတွက် အကြံပြုချက်
ဆွီဒင်ဘာသာစကားဖြင့် ထုတ်ဝေသည့် Hufvudstadsbladet သတင်းစာတွင် နွေရာသီ၌ ပြည်ပသို့ ခရီးမသွားဘဲ မိမိတို့ဒေသတွင်းမှာတင် အပန်းဖြေမည့်သူများ (Staycation) အတွက် အိမ်တွင်းစီးပွားရေးဆိုင်ရာ အကျိုးအမြတ်မယူသောအဖွဲ့အစည်း (Martha organisation) ၏ အကြံပြုချက်များကို ဖော်ပြထားသည်။
ငွေကြေးနှင့် အချိန်ကုန်သက်သာခြင်း: လေယာဉ်လက်မှတ်ခနှင့် ဟိုတယ်ခများ ပေးစရာမလိုသလို၊ ခရီးသွားလာရမည့် အချိန်များကိုလည်း အပန်းဖြေခြင်းအတွက် ပိုမိုအသုံးချနိုင်သည်။
သဘာဝတောတောင်ကို အသုံးချပါ: တောအုပ်ထဲတွင် မိသားစုလိုက် မုန့်စားရင်း၊ စာဖတ်ရင်း၊ စောင်ခင်းကာ အေးအေးလူလူ အချိန်ကုန်ဆုံးပါ။
အိမ်အနီးအနားတွင် စခန်းချပါ: ကန်ပင်း (Camping) စတည်းချရာတွင် ပစ္စည်းအများကြီးဖြင့် အဝေးကြီးသွားရန် မလိုပါ။ မိမိတို့သိကျွမ်းပြီးသား အိမ်အနီးနားက နေရာတစ်ခုခုတွင် မိုးကာတဲထိုးပြီး တစ်ညတာ အိပ်စက်ကြည့်ပါ။
ကားပေါ်တွင် အိပ်စက်ခြင်း: ကားကို ယာယီအိမ်အဖြစ် ပြောင်းလဲပြီး ကားပေါ်တွင် အိပ်စက်ခြင်းကလည်း လွတ်လပ်မှုကို ခံစားရစေသည်။ မနက်ခင်းတွင် အလောတကြီးမရှိဘဲ ကားတံခါးဖွင့်ကာ ကော်ဖီသောက်ရင်း အေးချမ်းစွာ အပန်းဖြေနိုင်သည်။
အခြားအချက်များ: အပြင်ထွက်ချက်ပြုတ်စားသောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အနီးနားက ကမ်းခြေအသစ်များသို့ သွားခြင်းနှင့် မိသားစုလိုက် နွေရာသီအတွင်း လုပ်ဆောင်ချင်သည့် (Bucket list) အသေးအဖွဲစာရင်းလေးများ ပြုလုပ်ခြင်းတို့ ဖြစ်သည်။
၄။ ကားပါကင်ပြား (Parking Disc) ပေါ်တွင် အချိန် "တိကျလွန်းစွာ" ပေးခဲ့၍ ဒဏ်ရိုက်ခံရသည့်ဖြစ်ရပ်
ဂျာဗက်စကီလာ (Jyväskylä) မြို့ရှိ ပုဂ္ဂလိက ကားပါကင်တစ်ခုတွင် မော်တော်ယာဉ်မောင်းတစ်ဦးသည် ၎င်း၏ကားပါကင်ပြားပေါ်တွင် ကားစရပ်သည့်အချိန်ကို ၈:၅၀ နာရီ ဟု အတိအကျ ရေးမှတ်ထားခဲ့ရာ ၉:၁၂ နာရီ တွင် ကားပါကင်စောင့်ကြည့်သူက ဒဏ်ရိုက်ခြင်း ခံခဲ့ရသည်။
အငြင်းပွားမှု: ကားမောင်းသူက ပါကင်စောင့်ကြည့်သူသည် ၎င်းရေးထားသည့် ၈:၅၀ ကို ၈:၃၀ ဟု မှားယွင်းဘာသာပြန်ကာ မိနစ် ၃၀ ကျော်သွားပြီဟုဆိုကာ ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
စည်းမျဉ်း: ဖင်လန် သယ်ယူပို့ဆောင်ရေးအေဂျင်စီ၏ စည်းမျဉ်းအရ ပါကင်ပြားပေါ်တွင် ကားစတင်ရပ်နားသည့် အချိန် သို့မဟုတ် ၎င်းနောက်ပိုင်း ကျရောက်မည့် နာရီဝက် သို့မဟုတ် တိကျသည့်နာရီကို ရေးမှတ်နိုင်သည်။ ဥပမာ - ၈:၁၅ တွင် ရပ်ပါက ၈:၃၀ ဟု ရေးမှတ်ခြင်းဖြင့် ပါကင်အချိန် ပိုမိုရယူနိုင်သည်။
ရလဒ်: ယာဉ်မောင်းက အဆိုပါဒဏ်ကြေးအပေါ် ကန့်ကွက်လွှာတင်ခဲ့သော်လည်း ပုဂ္ဂလိကပါကင်ကုမ္ပဏီက လက်မခံဘဲ ငွေကောက်ခံရေးအေဂျင်စီ (Collection) သို့ လွှဲပြောင်းပေးလိုက်သဖြင့် အခြေအနေ ရှုပ်ထွေးသွားခဲ့သည်။
၅။ ရထားပေါ်တွင် ခရီးသည်တစ်ဦးက အမျိုးသမီးရထားစူးစမ်းကြပ်မတ်ရေးမှူးကို အကြမ်းဖက်တိုက်ခိုက်
ဟယ်လ်ဆင်ကီ (Helsinki) မှ တမ်ပီရေး (Tampere) သို့ မောင်းနှင်လာသည့် IC 187 ရထားပေါ်တွင် ဇွန်လ ၄ ရက် မနက်အစောပိုင်းက ထိတ်လန့်ဖွယ် အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်: ရထားလမ်းကြောင်း ပြတ်တောက်မှုကြောင့် ရထားခေတ္တရပ်နားထားစဉ် အမျိုးသားခရီးသည်တစ်ဦးက စိတ်မရှည် ဒေါသထွက်လာခဲ့သည်။ အမျိုးသမီးရထားစပယ်ယာ (Conductor) က ၎င်းကို စိတ်အေးအေးထားရန်နှင့် ခေတ္တသာ ကြာမြင့်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း အဆိုပါအမျိုးသားက ဒေါသတကြီးဖြင့် စပယ်ယာ၏ လည်ပင်းကို ညှစ်ကာ ရိုက်နှက်တိုက်ခိုက်ခဲ့သည်။
ခရီးသည်များ ဝိုင်းဝန်းကူညီ: ရထားပေါ်ပါ ခရီးသည်အချို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသော်လည်း အချို့က ဝင်ရောက်တားဆီးခဲ့ကြသည်။ နောက်ဆုံးတွင် ရထားမောင်းသူ ရောက်ရှိလာပြီး ဖျောင်းဖျမှသာ အခြေအနေ ငြိမ်သက်သွားခဲ့သည်။
ဖမ်းဆီးရမိမှု: ရထား တမ်ပီရေးဘူတာသို့ ဆိုက်ရောက်ချိန်တွင် တရားခံအမျိုးသားက အခြားတံခါးမှ လစ်ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
VR ရထားလိုင်း၏ ပြောကြားချက်: ရထားလိုင်း (VR) က ယခုနှစ်အတွင်း ရထားပေါ်တွင် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များ ယခင်နှစ်များထက် ပိုမိုများပြားလာသဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့် ဝန်ထမ်းများကို ယခုကဲ့သို့ အရေးပေါ်အခြေအနေများအတွက် လေ့ကျင့်ပေးထားကြောင်း ထုတ်ပြန်ခဲ့သည်။
၆။ အသက် ၁၆-၂၄ နှစ်ကြား ဖင်လန်လူငယ်များအကြား ရေပန်းအစားဆုံး နိုင်ငံရေးပါတီ စစ်တမ်း
ဖင်လန်လူငယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည့် "လူငယ်၊ ဆိုရှယ်မီဒီယာနှင့် နိုင်ငံရေး" စစ်တမ်းအရ အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြား လူငယ်များအကြား အားပေးမှုအများဆုံး ပါတီများကို ထုတ်ပြန်ခဲ့ရာ ကျား/မ အလိုက် ကွဲပြားမှု အလွန်ကြီးမားကြောင်း တွေ့ရသည်။
အများဆုံး ထောက်ခံမှုရသည့် ပါတီများ: Left Alliance (လက်ဝဲညွန့်ပေါင်းပါတီ) က ၁၄.၁% ဖြင့် ပထမ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP) က ၁၂.၈% ဖြင့် ဒုတိယနှင့် Finns Party က ၁၁.၅% ဖြင့် တတိယ ရရှိထားသည်။
အမျိုးသမီးငယ်များ၏ ရွေးချယ်မှု: အမျိုးသမီးငယ်များအကြားတွင် လက်ဝဲညွန့်ပေါင်းပါတီ (Left Alliance) က ၁၈.၅% ဖြင့် သိသိသာသာ ရေပန်းစားနေပြီး ဆိုရှယ်ဒီမိုကရက်နှင့် ဂရင်းပါတီ (Greens) တို့က ဒုတိယလိုက်သည်။ စေးကွက်အလေးသာသည့် National Coalition နှင့် Finns Party တို့မှာမူ အားပေးမှုနည်းသည်။
အမျိုးသားငယ်များ၏ ရွေးချယ်မှု: အမျိုးသားငယ်များအကြားတွင်မူ National Coalition Party နှင့် Finns Party (လက်ယာစွန်းပါတီ) တို့က ၁၅.၈% စီဖြင့် ပူးတွဲရေပန်းအစားဆုံး ဖြစ်နေပြီး လက်ဝဲပါတီကို အားပေးမှု အလွန်နည်းပါးကြောင်း တွေ့ရသည်။


No comments
Post a Comment